Friday 20 July 2012

ဟာသ။။။။

ပိုင်နက်

အိမ်ထောင်ရှိ အမျိုးသမီးတစ်ယောက်ဟာ သူ့ယောက်ျား အလုပ်သွားချိန်မှာ တခြား အမျိုးသားတစ်ယောက်နဲ့ အချိန်းအဆက် လုပ်နေပါတယ်။ တစ်နေ့ သူတို့နှစ်ယောက်သား အိပ်ခန်းထဲမှာ ကြိတ်ပုန်းခုပ် နေကြတုန်း သားဖြစ်သူ ၁၃ နှစ်သားဟာ သူတို့ကို တွေ့သွားပြီး အခန်းထဲက ဘီရိုမှာ ဝင်ပုန်းနေခဲ့ပါတယ်။ သိပ်မကြာပါဘူး အမျိုးသားက အိမ်ပြန်ရောက်လာတော့ ဖောက်ပြန်တဲ့ မိန်းမဟာ သူ့ချစ်သူကို သူ့သား ပုန်းနေတဲ့ ဘီရိုထဲမှာ ဖွက်ပါတယ်။ အထဲမှာ သူ့သား ရှိတာကိုလဲ မသိဘူးပေါ့။ ဒီလူ ဗီရိုထဲဝင်လာတော့….
ကောင်လေးက စပြီး …….
“ဒီအထဲမှာ မှောင်တယ်ဗျနော်…”
“အေးကွ”
“ကျွန်တော့မှာ ဘေ့စ်ဘောလုံးတစ်လုံးရှိတယ် ဗျ”
“သြော်.. အေး.. ကောင်းတာပေါ့ကွာ”
“အဲဒီဘောလုံးကို ကျွန်တော် ပြန်ရောင်းမလို့။
ခင်ဗျားဝယ်မလား ”
“မဝယ်ချင်ပါဘူးကွာ။ ငါမှ မကစားတတ်တာ”
“အဖေ အပြင်မှာ ရှိတယ်နော်…
ခင်ဗျား သဘောပေါက်တယ် မဟုတ်လား”
“သြော်… အေး… အေး… အေးပါကွာ။ ကဲ မင်း ဘောလုံးက
ဘယ်လောက်မို့လို့လဲ”
“ဒေါ်လာ ၂၅၀”
“အမေလေး… များလိုက်တာကွာ”
“အပြင်မှာ……”
“ကဲ.. ကဲ.. ပေးပေး.. ရော့ ၂၅၀”
နောက် သုံးပတ်လောက်နေတော့ အဲဒီလို ဖြစ်ရပ်မျိုး နောက်တစ်ခါ ထပ်ဖြစ်ပါတယ်။
ကောင်လေးကလဲ အခန်းဘီရိုထဲမှာ ဝင်ပုန်းနေပြီး သူ့အမေကလဲ သူ့ချစ်သူကို ဘီရိုထဲကို ဝှက်ပြန်ပါတယ်။
“ဒီအထဲမှာ မှောင်တယ်ဗျ နော်…”
“အာ…. အေး… အေးကွ”
“ကျွန်တော်မှာ ဘေ့စ်ဘော လက်အိတ်တစ်စုံ ရှိသေးတယ်ဗျ”
ပြီးခဲ့တဲ့ တစ်ခေါက်တုန်းက ဘောလုံးတစ်လုံးကို ဒေါ်လာ ၂၅၀ နဲ့ ဝယ်လိုက်ရတဲ့
သူ့အဖြစ်ကို သူပြန်တွေး သဘောပေါက်မိပြီး စိတ်မရှည်စွာနဲ့ ………
“ကဲ.. ကဲ.. အခုတစ်ခေါက် ငါဘယ်လောက် ပေးရမှာလဲ”
“ဒေါ်လာ ၇၅၀”
“အိုကေလေ…..”
နောက်တစ်ရက် နှစ်ရက်လောက်နေတော့ အဖေက သားကို ဘေ့စ်ဘောကစားဖို့
ဘောလုံးနဲ့ လက်အိတ် သွားအယူ ခိုင်းပါတယ်။
“အဖေ…. အဲဒီနှစ်ခုလုံးအိမ်မှာ မရှိတော့ဘူး။ သားရောင်းလိုက်ပြီ”
“ဘာ.. ဘယ်လို… ဘယ်လောက်ရလို့မို့ မင်းကရောင်းလိုက်တာလဲ”
“ဒေါ်လာ ၁၀၀၀ နဲ့ အဖေ”
“အိုးးး များလိုက်တာ သားရယ်….. ဒီပစ္စည်းတွေက ဒီလောက်မှ မတန်တာပဲ။
မင်းကဒါသူများကို သက်သက် လူလည်ကျသလို ဖြစ်သွားတာပေါ့။
ဒါအပြစ်ဖြစ်တယ်ကွ…
မဖြစ်ဘူး… မဖြစ်ဘူး… မင်းကို ဘုရားကျောင်း ခေါ်သွားရမယ်။
မင်း အပြစ်တွေကို ဘုန်းတော်ကြီး ဆီသွားပြီး အာပတ်ဖြေရမယ် ”
ဒီလိုနဲ့ သားအဖနှစ်ယောက် ဘုရားကျောင်းကို ရောက်လာကြတာပေါ့…
အဖေကသားကို
အာပတ်ဖြေဖို့ အခန်းလေးထဲက ခုံမှာ ထိုင်ခိုင်းပြီး တံခါးကို ပိတ်လိုက်ပြီး သူကအပြင်မှာ စောင့်နေတယ်။
အခန်းထဲမှာ ထိုင်နေတုန်း ကောင်းလေးက …
“ဒီအထဲမှာ မှောင်တယ်ဗျ နော်” လို့ ဆိုလိုက်တော့…
အာပတ်ဖြေပေးဖို့ စောင့်နေတဲ့ ဘုန်းတော်ကြီးက…
ခွေးကောင်လေး… ဒါ ငါ့ပိုင်နက်ကွ… ဒီတစ်ချီတော့ မင်း.. ငါ့ကို ဒီအချိုးမျိုး လာချိုးလို့ မရတော့ဘူး” တဲ့


လျှို့ဝှက်ချက်

တခါတုန်းက လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ ၂၅နှစ်မြောက် မင်္ဂလာ နှစ်ပတ်လည်နေ့ကို ကျင်းပကြပါတယ်။ သူတို့စုံတွဲဟာ အိမ်ထောင်သက် ၂၅နှစ် အတွင်းမှာ တခါမှ ကတောက်ကဆ မဖြစ်ဖူးဘူးလို့ မြို့မှာ နာမည်ကြီး ပါတယ်။ ဒါကြောင့် နယ်ခံသတင်းစာရဲ့ အယ်ဒီတာက ဒီလို ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်ကို မေးမြန်း ဖော်ထုတ်ဖို့ အစီအစဉ် တစ်ခု လုပ်လိုက်ပါတယ်။
အယ်ဒီတာ ။ ။ ဒီအဖြစ်အပျက်က မယုံနိုင်စရာ အံ့အားသင့်ဖို့ ကောင်းလွန်းပါတယ်။ ဒီလို အိမ်ထောင်ရေးမျိုးကို ဘယ်လိုများ တည်ဆောက် ခဲ့ကြပါသလဲ ခင်ဗျာ?
ယောက်ျားဖြစ်သူက သူတို့ရဲ့ Honeymoon နေ့ရက်တွေကို ပြန်တွေးရင်း ပြောပါတယ်။
“ကျွန်တော်တို့တွေ Honeymoon အတွက် ရှီမလာ (Shimla) ကို သွားခဲ့ကြပါတယ်။ အဲဒီမှာ မြင်းစီးသွားမယ် ဆိုပြီး မြင်းတစ်ကောင်စီ စီးကြတာပေါ့ဗျာ။ အဲဒီမှာ ကျွန်တော့် မြင်းက စီးရတာ အဆင်ပြေပေမယ့် ကျွန်တော့်မိန်းမ စီးတဲ့ မြင်းကတော့ နည်းနည်း ရိုင်းပုံ ရတယ်ဗျ။ လမ်းမှာ သွားနေရင်းနဲ့ပဲ အဲဒီမြင်းက ရုတ်တရက် ထခုန်လိုက်တာ ကျွန်တော့်မိန်းမ ဒယိုင်းဒယိုင်ဖြစ်ပြီး ပြုတ်ကျ ပါလေရော။ ဒါပေမယ့် ကျွန်တော့မိန်းမက မြေကြီးပေါ်ကနေ လူးလဲထပြီး မြင်းရဲ့ ကျောကုန်းလေးကို အသာလေး ပွတ်ပေးရင်းနဲ့ မြင်းကို “ဒါ မင်းရဲ့ ပထမဆုံးအကြိမ်နော်” လို့ ပြောပါတယ်။ ပြောပြီးတော့ သူလည်း မြင်းကျောပေါ် ပြန်တက်ပြီး ခရီးဆက်ခဲ့တာပေါ့ဗျာ။
ခဏအကြာမှာ စောစောကလိုပဲ ဖြစ်ပြန်ပါတယ်။ ဒီတစ်ခါမှာလည်း ကျွန်တော့်မိန်းမက တည်တည်ငြိမ်ငြိမ်နဲ့ စောနားကလိုပဲ “ဒါ မင်းရဲ့ ဒုတိယအကြိမ်နော်” လို့ပြောပြီး ဆက်သွား ကြပြန်ပါတယ်။ တတိယ အကြိမ်မြောက် မြင်းက ခါချတဲ့ အခါမှာတော့ ကျွန်တော့် မိန်းမက ဘာမှမပြောဘဲ ခြောက်လုံးပြူး သေနတ်ကို ပိုက်ဆံအိတ်ထဲက ထုတ်ပြီး မြင်းကို အသေ ပစ်သတ် လိုက်ပါလေရောဗျာ။
ကျွန်တော်လည်း ဒေါသထွက်ထွက်နဲ့…
“မင်း ဘယ်လိုလုပ်လိုက်တာလည်းကွ။ သနားစရာ ကောင်းတဲ့ တိရိစ္ဆာန်လေးကို မင်းသတ်ပစ်လိုက်ပြီ။ မင်း ရူးနေလား” လိုအော်လိုက်မိတယ်။
အဲဒီအခါ ကျွန်တော့်မိန်းမက ကျွန်တော့်ကို အေးစက်စက် ပြန်ကြည့်ပြီး နူးညံ့တဲ့ လေသံလေးနဲ့ ဘာပြောလဲဆိုတော့……………
“ဒါ ရှင့်ရဲ့ပထမဆုံး အကြိမ်နော်…” တဲ့။
အဲဒီအချိန်ကစပြီး ကျွန်တော်တို့တွေ ဘာပြဿနာမှ မရှိဘဲ နှစ်ယောက် အတူတူ ပျော်ပျော်ရွှင်ရွှင် နေလာခဲ့ကြတာ ပါပဲဗျာ”

No comments:

Post a Comment